မကွေး ဇွန် ၁
၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက မကွေးတိုင်းဒေသကြီး အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြှင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာစေရန်နှင့် တိုင်းဒေသကြီးလက်ရွေးစင် အားကစားသမားများမှတစ်ဆင့် နိုင်ငံဂုဏ်ဆောင်နိုင်သည့် ဖူဆယ်အားကစားသမားကောင်းများ ထွက်ပေါ်လာစေရေးအတွက်ရည်ရွယ်ပြီး ယခုလိုကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဖူဆယ်အားကစားနည်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ကစားရသည့် အားကစားနည်းမျိုးမဟုတ်ဘဲ အသင်းလိုက်စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားရသော အားကစားနည်းဖြစ်ကြောင်း ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး အားကစားသမားများက သစ္စာအဓိဌာန် ရွတ်ဆိုကြသည်။
ထို့နောက် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အမျိုးသားပထမဆုံး ပွဲစဉ်အဖြစ် တောင်တွင်းကြီးမြို့နယ်အသင်းနှင့် အောင်လံမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ တောင်တွင်းကြီးမြို့နယ်အသင်းက တစ်ဆယ်ဂိုးသုံးဂိုးဖြင့် အနိုင်ရခဲ့သည်။
အဆိုပါ မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အသင်း (၁၉) သင်းက အုပ်စုပတ်လည်ကစား၍ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင်ပွဲ အခမ်းအနားကို ဇွန်လ (၈) ရက်နေ့တွင် ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို (ဖန်ခါးမြေ)