ဘားအံ ဇွန် ၁
၂၀၂၄ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို “သဲကန္တရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် ဉာဏ်စမ်းပဟေဠိ (Kahoot Quiz) ပြိုင်ပွဲကို ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ဘားအံခရိုင် Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က အဖွင့်အမှာစကားပြောကြားပြီး ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက သဲကန္တာရဖြစ်ထွန်းလာမှုအကြောင်း အရင်းများ၊ သဲကန္တာရဖြစ်ထွန်းလာမှု ဝိသေသလက္ခဏာများ၊ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေး၊ မြေယာပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများ၊ မြေယာပြန်လည်ထိန်းသိမ်းခြင်း အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံနှင့်သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာကြီးဦးစောအောင်ဘက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၅)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၅၀)ဦးတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “သဲကန္တရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဆောင်ပုဒ်နှင့် ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများကို ဉာဏ်စမ်းပဟေဠိ (Kahoot Quiz)ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို ဇွန်လ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)