မြဝတီ ဇွန် ၁
ကရင်ပြည်နယ်၊ မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၏ နွေရာသီထိုင်းဘာသာစကား အရေး၊ အဖတ် သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ နိုင်ငံတော်အဆင့် အကရွှေတံဆိပ်ဆုရ မမေစနိုးက အက၊ အလှဖြင့် ဖျော်ဖြေတင်ဆက်ပေးပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းစာသင်ကြား၊ သင်ယူမှုအပြင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ထိုင်းဘာသာစကား အရေး၊ အဖတ်သင်တန်း တက်ရောက်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် မြဝတီမြို့နှင့် နယ်နမိတ်ချင်းထိစပ်သည့် မဲဆောက်မြို့သို့ သွားရောက်ရာတွင် ဘာသာစကားကျွမ်းကျင်မှု ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။
ထို့နောက် ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ မြဝတီခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းနှင့် ဦးစောမင်းခင်၊ ပညာရွှေဖူးကိုယ်ပိုင်ကျောင်းတည်ထောင်သူ ဦးသန်းရွှေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများနှင့် ကိုယ်ပိုင်ကျောင်းများမှ (အငြိမ်းစား)ကျောင်းအုပ်ကြီးများက KG တန်းမှ Grade – 6 ထိ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ ကိုးဦးနှင့် အမှတ်ပြည့်အထူးဆုရရှိသူတစ်ဦးတို့အား တစ်ဦးချင်းအလိုက် ဆုများ ချီးမြှင့်ပေးအပ်ကြသည်။
အဆိုပါသင်တန်းကို ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်းတွင် မေ ၁ ရက်မှ ၃၀ ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)