ကော့သောင်းမြို့တွင် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အသိပညာပေး စကားဝိုင်း ကျင်းပ

ကော့သောင်း ဇွန် ၁

ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှကြီးမှူး၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရာက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အ.ထ.က(ခွဲ)၊ အ.လ.က(၂) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ လက်ထောက်ညွှန်ကြားရေးမှူးတို့က Moderators အဖြစ်ပြုလုပ်၍ မေလ(၂၇) ရက်နေ့က “သဲကန္တာရတိုက်ဖျက်ရေးနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး”ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲမှဆုရရှိသော ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က ဆုရပြိုင်ပွဲဝင် စာစီစာကုံးပါအကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြသည်။

ယင်းနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး‌နေ့ဖြစ်ပေါ်လာပုံနှင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး”နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အမှိုက်စို/အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ခြင်းအလေ့အကျင့်များ ရရှိလာကြစေရန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ကော်ဝါလပ်အမှိုက်ပုံး (၁၀)ပုံးနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းသို့ ကော်ဝါလပ်အမှိုက်ပုံး (၁၄)ပုံး ပေးအပ်လှူဒါန်းခြင်းနှင့် ပလတ်စတစ်အသုံးအဆောင်ပစ္စည်းများ၏ လူသားတို့၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများနှင့် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့”အကြောင်းအရာဖြင့် အသိပညာပေး ဗီနိုင်းများပြသခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဗီနိုင်းများနှင့် အသိပညာပေးစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခဲ့ကြ‌‌ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)