လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့ခြင်းနှင့်ပြည်သူ့ဆေးရုံကြီး ခုတင်-၅၀၀ ကုသရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇွန်  ၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးခုတင်-၅၀၀၌ ကုသရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ခုတင်-၅၀၀၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံကြီးအထောက်အကူပြုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောက်လုပ်ရပ်များကြောင့် ပြည်နယ် ပြည်သူ့ဆေးရုံကြီးအား ယာယီပိတ်ထားခဲ့ရသော်လည်း ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကအားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ယခုလိုပြည်သူ့ဆေးရုံကြီးကုသရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးကို ယခင်ကာလအခြေအနေအတိုင်း ပြည်သူလူထုက အားကိုးယုံကြည်ရသော ဆေးရုံကြီးအဖြစ် လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှလည်း ပြည်သူ့ဆေးရုံကြီးလိုအပ်ချက်များအား အနီးကပ်ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် တာဝန်အပြင် စေတနာအရင်းခံ၍ ကုသရေးလုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဆေးရုံအုပ်ကြီးက ဆေးရုံကြီးလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံကြီးဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိသော ပြည်သူများအား လိုက်လံကြည့်ရှု အားပေး၍ အာဟာရစားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းနှင့် ပြည်သူ့ဆေးရုံကြီးအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သာသနာ့ဗိမာန်၍ ဖွင့်လှစ်ထားသော ယာယီနေရပ်စွန့်ခွာပြည်သူ/ဝန်ထမ်းများ ကြိုဆိုလက်ခံရေးနေရာသို့ သွားရောက်ခဲ့ပြီး တာဝန်ထမ်းဆောင်ရန် ပြန်လည်ရောက်ရှိလာသော ပညာရေးဝန်ကြီးဌာနမှ ဆရာ/ဆရာမများနှင့်ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား တွေ့ဆုံ၍ ဆန်၊ဆီနှင့် ထောက်ပံ့ငွေများပေးအပ်ကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရုံးများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာဌာန တာဝန်ရှိသူ များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)