အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသည့်အခြေအနေနှင့်ပတ်သက်၍ တာဝန်ရှိသူအားသွားရောက်မေးမြန်း

အိမ်မဲ ဇွန် ၁

အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသည့်အခြေအနေနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွားရောက်မေးမြန်းခြင်းဖြစ်ပါသည်။

မေး။ မင်္ဂလာဆရာမကြီးခင်ဗျာ။ဆရာမကြီးရဲ့အမည့်နဲ့ ရာထူးလေးကိုမိတ်ဆက်ပေးပါအုံးခင်ဗျ။

ဖြေ။ ကျွန်မကတော့ အိမ်မဲမြို့နယ်ရဲ့ ပညာရေးမှူးဆရာမကြီး ဒေါ်ခင်ဝင်းဖြစ်ပါတယ်။

မေး။ အခြေခံပညာကျောင်းများအနေနဲ့ ကျောင်းစတင်လက်ခံတဲ့ရက်၊ နောက်ဆုံးရက်၊ ကျောင်းအပ်လက်ခံတဲ့နေရာမှာရော ဘယ်လို အချက်အလက်တွေနဲ့ လက်ခံတယ်ဆိုတာ ပြောပြပေးပါအုံးခင်ဗျ။

ဖြေ။ ကျွန်မတို့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ မေလ (၂၃)ရက်နေ့ကနေ ဇွန်လ (၂)ရက်နေ့အထိ ကျောင်းအပ်နှံရေးကာလအဖြင့် သတ်မှတ်ထားပါတယ်။ အကြောင်းကြောင်းကြောင့် ဇွန်လ (၂) ရက်နေ့ကို ကျော်လွန်ပြီးရောက်ရှိလာတဲ့ ကျောင်းသား/သူတွေကို ဆက်လက်ပြီး လက်ခံပေးသွားမှာဖြစ်ပါတယ်။ ကျောင်းအပ်လက်ခံတာနဲ့ပတ်သက်ပြီးတော့ စည်းကမ်းချက်တွေကတော့ သိပ်ပြီးထူးထူးခြားခြားမရှိပါဘူး၊ ကျောင်းသားဟောင်းတွေကတော့ သူရဲ့အတန်းစဥ် အတန်းတင်စာရင်းကိုကြည့်ပြီး လက်ခံပေးသွားမှာဖြစ်ပါတယ်။ ကျောင်းသား/သူ အသစ်တွေအပ်မယ်ဆိုရင် ကျောင်းသား/သူ အသစ်များရဲ့ ကျောင်းပြောင်းလက်မှတ် (TC) ကိုကြည့်ပြီး လက်ခံသွားမှာဖြစ်ပါတယ်။ အနေအထားအရ ကျောင်းပြောင်းလက်မှတ်မပါလာဘူး၊ အခက်အခဲရှိတယ်ဆိုရင်လည်း လက်ခံထားကာ ကူညီဆောင်ရွက်သွားပြီးတော့ ကလေးတွေကို ပညာသင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

မေး။ အိမ်မဲမြို့နယ်မှာ အခြေခံပညာကျောင်းဘယ်နှစ်ကျောင်းရှိပါသလဲခင်ဗျာ။ မနှစ်ကရော အဲ့ဒီကျောင်းတွေမှာ ကျောင်းသား/သူ ဘယ်လောက်ရှိတယ်ဆိုတာရယ်၊ ယခုလက်ရှိအချိန်ထိ ကျောင်းလာရောက်အပ်နှံတဲ့ စာရင်းလေးကိုလည်း ပြောပြပေးပါအုံးခင်ဗျာ။

ဖြေ။ အိမ်မဲမြို့နယ်မှာ အခြေခံပညာကျောင်း (၁၉၆)ကျောင်းနဲ့ ဘက(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) (၄) ကျောင်း စုစုပေါင်း ကျောင်း (၂၀၀) ရှိပါတယ်။ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှာ ထက်၊ လယ်၊ မူ ကျောင်းသား/သူ စုစုပေါင်း (၃၇၉၀၄) ဦး ရှိပါတယ်။ ဒီနှစ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှာ မေလ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျောင်းလာရောက်အပ်နှံသူ စုစုပေါင်း (၃၄၆၀၀) ရာခိုင်နှုန်းအားဖြင့် (၉၁.၂၈) ရှိပြီဖြစ်ပါတယ်။

မေး။ ကျောင်းအပ်လက်ခံတဲ့နေရာမှာ ငွေကြေးတစ်စုံတစ်ရာမယူဘဲ အခမဲ့လက်ခံပေးတယ်လို့သိရပါတယ်။ နိုင်ငံတော်ကနေပြီးတော့ ကျောင်းသား/သူတွေကို ဘာတွေထောက်ပံ့ပေးလဲဆိုတာ ပြောပြပေးပါအုံး။

ဖြေ။ ကျောင်းသား/သူ များကို ကျောက်အပ်လက်ခံတဲ့နေရာမှာ အခကြေးငွေ တစ်စုံတစ်ရာမကောက်ခံဖို့ ဌာနကနေလည်း ညွှန်ကြားထားပါတယ်။ ကျွန်မတို့ကလည်း အခြေခံပညာကျောင်းများအားလုံးကို ထပ်ဆင့်ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အခမဲ့ပညာရေးဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ကို နိုင်ငံတော်ကနေ ကျောင်းသား/သူတွေအတွက် ထောက်ပံ့ပေးထားတဲ့ ပုံနှိပ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ စာရေးကိရိယာတွေ၊ နောက်မူလတန်းတွေဆိုရင် ဝတ်စုံတွေ ဒါတွေကို ပြန်လည်ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ အခမဲ့ပစ္စည်းတွေအားလုံးကိုလည်း အခြေခံပညာကျောင်းတွေကို ကြိုတင်ဖြန့်ဝေထားတာဖြစ်ပြီး မိဘတွေက မိမိတို့ရဲ့ ကလေးများကို ကျောင်းလာရောက်အပ်နှံတဲ့အခါ တစ်ခါတည်းဝေငှဖို့ကို မှာကြားထားပြီးဖြစ်ပါတယ်။

မေး။ ဟုတ်ကဲ့ပါ၊ ဆရာမကြီးဘက်ကရော ကျောင်းသားမိဘတွေနဲ့ ကျောင်းသား/သူတွေကို ဘာများဖြည့်စွတ်ပြောကြားချင်ပါသေးလည်းခင်ဗျာ။

ဖြေ။ ကျွန်မတို့ရဲ့လက်ရှိပညာရေးစနစ်မှာ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းရောက်ရှိရမှာဖြစ်တဲ့အတွက် ကျွန်မတို့တွေ၊ မိဘပြည်သူတွေ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးတော့ ကျောင်းအုပ်ကြီးများနဲ့ ဆရာ/မ များက ကလေးတွေ မကျန်ရှိစေရေးအတွက် အားလုံးကျောင်းကိုရောက်ဖို့ ကျောင်းအပ်နှံကြဖို့ လှုံဆော်စည်းရုံးပြီး အိမ်တိုင်ရာရောက် လိုက်ပြီးစည်းရုံးဖိတ်ခေါ်နေတာတွေရှိပါတယ်။ နောက်တစ်ခုကတော့ ကျွန်မတို့ပညာရေးမှာ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာမရွေး၊ အခက်အခဲရှိတဲ့ဒေသတွေမရွေး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းရောက်ဖို့ကို အားလုံးပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်လို့ ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါခင်ဗျာ အခုလိုမျိုးကျောင်းအပ်နှံတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့ ပညာရေးမှူးဆရာမကြီး ဒေါ်ခင်ဝင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ဖြေ။ ကျွန်မကလည်းမြို့နယ်ပညာရေးကိုယ်စား မြို့နယ်ပြန်/ဆက် ဦးစီးဌာနကို ကျေးဇူးတင်ပါတယ်ရှင့်။

တွေ့ဆုံမေးမြန်း- ချစ်သက်လယ်

ဓာတ်ပုံ            - ချစ်သက်လယ်