ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၈/၂၀၂၄) ကျင်းပ

ကေ့ာကရိတ် ဇွန် ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၈/၂၀၂၄)အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)တွင်ကျင်းပရာ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်နှင့် လုပ်ငန်း​ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ​

အစည်းအ​ဝေးတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းသူ​ကျော်က အဖွင့်အမှာစကားပြောကြားပြီး ဒုဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်တို့က သက်ဆိုင်ရာအလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်း‌‌ဝေ က ဆောင်ရွက်လျက်ရှိသည့်  ပြန်လည်တည်ထောင်ရေးလုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြဆွေးနွေးရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။

ကော့ကရိတ်မြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး  ပြည်သူ့ဆေးရုံ ဖွင့်လှစ်ထားရှိမှု၊ တောင်ပေါ်ကျောင်း တိုက် ကျောင်းဆောင်အမိုးများပြင်ဆင်မှု၊ ရပ်ကွက်အတွင်း လျှပ်စစ်မီးကြိုးများ၊ ဓာတ်တိုင်များ ရှင်းလင်းသွယ်တန်းမှု၊ စားသောက်ကုန် ပစ္စည်းများရောင်းချမှု၊ နေရပ်ပြန်စစ်ဘေးရှောင်အိမ်ထောင်စုများ စာရင်းကောက်ယူမှု၊ ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့ပေးအပ်မှုနှင့် ကော့ကရိတ်မြို့သို့ပြန်လည်ဝင်ရောက်လာမည့် ယာယီနေရပ်စွန့်ခွာသူများအတွက် ဇိနသုခလောကသရဖူ စေတီတော်ဝန်းအတွင်း၌ ယင်လုံအိမ်သာသန့်စင်ခန်း ဆောက်လုပ်‌နေမှုအခြေအနေတို့ကို နယ်​မြေခံတပ်မ​တော်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)