ပြည် ဇွန် ၁
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စိုးဦးဟန်နှင့် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများအဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့နယ် တလုပ်ပင်အုပ်စု ဆီဆုံကုန်းလေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုး/မွေးမြူရေးနှင့် ကုန်ထုတ် လုပ်မှုတိုးတက်မြင့်မားရေးကဏ္ဍအပါအဝင် ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် အဆိုပါတာဝန်ရှိသူများအဖွဲ့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့်ကောလာဟလသတင်းနှင့် သတင်းတု/သတင်းမှားများအပေါ် မယုံကြည်ကြရန်နှင့် ဥပဒေ၏ အနှစ်သာရကို ဆင်ခြင်သုံးသပ်နိုင်ရန်၊ ယင်းဥပဒေ၏ အဓိပ္ပါယ်နှင့် ဥပဒေပါ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြားနှင့်စစ်မှုထမ်းသက်ကာလသတ်မှတ်ချက်များ၊ လစာထောက်ပံ့မှုနှင့် အကျိုးခံစားခွင့်များအကြောင်း၊ ဥပဒေပါပြစ်မှုပြစ်ဒဏ်များနှင့် ကင်းလွတ်ခွင့် ရရှိသူများအကြောင်းတို့ကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးကြသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာနအပါအဝင် ဆည်မြောင်း၊ ဘေးစီမံ၊ ပညာရေး၊ ကျန်းမာရေး၊ လဝက၊ ပြန်/ဆက်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက စိုက်ပျိုး/မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် အတိုးနှုန်းသက်သာသော ချေးငွေကိစ္စရပ်များအပါအဝင် ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက်ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသော ကျေးရွာပြည်သူများက လမ်း/တံတား၊ ကျေးရွာကုန်ထုတ်လမ်း၊ စိုက်ပျိုးရေရရှိရေးနှင့် အခြားလိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာများက ဘဏ္ဍာနှစ်အလိုက် ဦးစားပေးဆောင်ရွက်ပေးမည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည် ဖြေကြားဆွေးနွေးပေးကြပြီး တာဝန်ရှိသူများအဖွဲ့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)