အင်္ဂပူ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီက ကျောင်းကွင်းကျေးရွာအုပ်စုရှိ တောင်မြန်အောင်တိုးချဲ့ကြိုးဝိုင်းအကွက်အမှတ်(၂၀)၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၆၅/၆)အနီးတွင်၌ ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် အမှတ် (၅)တပ်မတော်တန်းမြှင့်လေ့ကျင်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇော်မြင့်ဦးနှင့် တာဝန်ရှိသူများက ပျိုးပင်များအား ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များထံ ပေးအပ်ခဲ့သည်။ ထို့နောက် အမှတ်(၅)တပ်မတော်တန်းမြှင့်လေ့ကျင်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသော်မွှန်းကိုနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အင်္ဂပူမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ဒေသခံပြည်သူများစုစုပေါင်း အင်အား (၂၁၀)ဦးခန့်တို့က ကျွန်း (၁၅၀)ပင်၊ ပျဥ်းကတိုး (၁၀၀)ပင်၊ ရေတမာ (၁၀၀)ပင်၊ ကံ့ကော် (၁၅၀)ပင်၊ ခရေ (၁၅၀)ပင်၊ ယူကလစ် (၂၅၀)ပင်၊ မန်ဂျန်ရှား (၂၅၀)ပင်၊ မျောက်ငို (၁၀၀)ပင်၊ စုစုပေါင်း အပင်(၁၂၅၀) တို့အား စုပေါင်းစိုက်ပျိုးခဲ့သည်။
အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၄-ခုနှစ်တွင် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုးရန် ကျွန်း၊ ပျဥ်းကတိုး၊ မန်ဂျန်ရှား၊ ပိတောက်၊ ယူကလစစ်၊ ခရေ၊ ကံ့ကော်၊ စက္ကူ၊ စိန်ပန်း၊ ယမနေ၊ စွယ်တော်၊ စိန်တချုစသည့် ပျိုးပင်ပေါင်း (၁၆)မျိုး ပျိုးပင်ပေါင်း (၁၅၀၀၀၀) ခန့်ကို မြို့နယ်အတွင်းရှိ သစ်တောဘိနယ် စခန်း (၇)ခုရှိ ပျိုးဥယျာဥ်များအတွင်း ပျိုးထောင်ထားရှိကြောင်း သိရှိရသည်။
မန်းကျော်(ပြန်/ဆက်)