ဘားအံ ဇွန် ၁
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသော ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်စွာမြင့်၊ ဆေးရုံအုပ်ကြီးဒေါက်တာဘရန်အောင်နှင့် အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ ဆေးရုံ၌တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ဒေသခံတိုင်းရင်းသားပြည်သူများအား တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသဆောင်ရွက်ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို ရင်းနှီးနွေးထွေးစွာ လိုက်လံအားပေးစကားများပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျားနာဆောင်နှင့် သားဖွားမီးယပ်ဆောင်ကြား၌ လူနာစောင့်များနားနေဆောင်တစ်ဆောင် ထပ်မံတိုးချဲ့အဆင့်မြှင့်တင်နိုင်ရေးနှင့် ပြည်သူ့ဆေးရုံကြီးတိုးချဲ့လူနာဆောင်တည်ဆောက်ခြင်း အဆိုပြုပုံစံအား ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာန၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆောက်အဦအထူးအဖွဲ့ (၁၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ဘားအံပြည်သူ့ဆေးရုံကြီး (၁၇၇ ပေ x ၃၄ ပေ) RC (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့စရိတ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပညာရှာရမည့်အရွယ်တွင် ပညာကိုရအောင်ကြိုးကြိုးစားစားသင်ယူကြရမည်ဖြစ်ပြီး ရည်မှန်းချက်ပန်းတိုင်ကိုကြီးကြီးမားမားထားရှိ၍ အဆိုပါရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် အစဉ်ကြိုးစားကြစေလိုကာ လိမ္မာထူးချွန်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ လုံ့လ၊ ဝိရိယနှင့် အချိန်ကို တန်ဖိုးရှိစွာအသုံးချပြီး ပညာကို လိုလိုလားလား ကြိုးစားသင်ယူကြစေလိုကာ နိုင်ငံတော်မှအားကိုးအားထားပြုနိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်အဆင့် ဝန်ထမ်းနှင့် သားသမီး ၃၆ ဦး၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဝန်ထမ်းသားသမီး ၁၀၉ ဦးအတွက် စုစုပေါင်းငွေကျပ် ၅၆၆၀၀၀၀ (ငါးဆယ်ခြောက်သိန်းခြောက်သောင်း)တန်ဖိုးရှိ ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံနှင့်ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းနှင့် ဝန်ထမ်းသား၊ သမီးများအား ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)