တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် ဇွန် ၁

၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။

ဗိုလ်လုပွဲတွင် ပုသိမ်ခရိုင်ဘောလုံးအသင်းနှင့် ဖျာပုံခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဖျာပုံခရိုင် ဘောလုံးအသင်းက ပုသိမ်ခရိုင် ဘောလုံးအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဆုရရှိသည့် ခရိုင်အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် ရှေ့တန်းအကောင်းဆုံး ကစားသမားဆုရရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံး ကစားသမားဆုရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ နောက်တန်းအကောင်းဆုံး ကစားသမားဆုရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ဂိုးအကောင်းဆုံး ကစားသမားဆု ရရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ရရှိသူအား တိုင်းဒေသကြီး တရားသူကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပုသိမ်ခရိုင် ဘောလုံးအသင်းအား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပထမဆုရရှိသည့် ဖျာပုံခရိုင် ဘောလုံးအသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

လှမင်းထွဋ်(ပြန်/ဆက်)