ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လက်ဆွဲကောက်စိုက်စက် စမ်းသပ်သရုပ်ပြ စိုက်ပျိုးခြင်းအား ကြည့်ရှုအားပေး၊ အခြေခံပညာအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ တက်ရောက်ဆုချီးမြှင့်

ပုသိမ် ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူ ဦးအောင်ကျော်ခိုင်၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ပုသိမ်စက်မှုဇုန်မှ ထုတ်လုပ်သော လက်ဆွဲကောက်စိုက်စက် စမ်းသပ်သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လက်ဆွဲကောက်စိုက်စက် စမ်းသပ်သရုပ်ပြ စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က "ကြဲခင်းစနစ်များ လျော့နည်းပပျောက်စေရေးအတွက် လက်ဆွဲကောက်စိုက်များ၊ Drum Seeder များ အသုံးပြုစိုက်ပျိုးနိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် စက်မှုဇုန်တွင် တီထွင်ထုတ်လုပ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဒေသ၏ရေမြေနှင့် ကိုက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်ချက်များကိုလည်း ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးတွက် ယခုနှစ်မိုးစပါးရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇) သိန်းကျော်အား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) များ အပြည့်အဝထည့်သွင်း စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း အထွက်တိုးမျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ ဇီဝမြေဩဇာ၊ သဘာဝမြေဇာများ အချိုးကျထည့်သွင်းခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် တောင်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့နယ် ပညာရေးမှူးရုံး၊ မေတ္တာမြင်းမိုရ်ခန်းမတွင် ပုသိမ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံ၍ “ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယခုလလ (၂၃) ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိ သတ်မှတ်ထားရာ ဧရာဝတီတိုင်းဒေသကြီးတွင် အခြေခံပညာကျောင်း (၇၁၁၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၄၇) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃၀) ကျောင်း၊ စုစုပေါင်း (၇၂၉၀) ကျောင်းတို့တွင် မေလ (၃၀) ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ ဆယ်သိန်းကျော် အပ်နှံပြီးဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး၊ အခြေခံပညာအလယ်တန်းအဆင့် Grade-6 ၊ Grade-7 ၊ Grade 8 ၊ Grade-9 တို့ကို တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအားလုံး စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်း ပညာသင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း မိမိတို့ကျောင်းများ၏ လိုအပ်ချက်အခက်အခဲများရှိပါက တင်ပြပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားကာ ဆရာ၊ ဆရာမများ၏ အခက်အခဲများ တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အခြေခံပညာအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “‌နွေရာသီကျောင်းပိတ်ရက် ကာလတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန်၊ ဉာဏစွမ်းရည်မြှင့်တင်ရန်နှင့် စာပေဘာသာရပ်အပြင် အကြောင်းအရာစုံ၊ ကဏ္ဍစုံမှ အထွေထွေ ဗဟုသုတများကိုလည်း နှံ့နှံစပ်စပ်သိမြင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိသည်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်ကြပါစေကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)