လွိုင်ကော် ဇွန် ၁
၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ကယားပြည်နယ်အနေဖြင့် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုရရှိစေရန်နှင့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်တွင် မိမိတို့ပြည်နယ်အနေဖြင့် အကောင်းဆုံးဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရရှိစေရေးအတွက် ကြိုတင်ပြင်ဆင်စုဖွဲ့ခြင်း၊ စခန်းသွင်းလေ့ကျင့်ခြင်းနှင့် ပြိုင်ပွဲအား စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းများကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပေးထားသော ကော်မတီအလိုက် တာဝန်ရှိသူများက အသေးစိတ်အစီအမံများရေးဆွဲခြင်း၊ အရည်အချင်းနှင့် အရည်အသွေးပြည့်ဝသော အားကစားသမားများနှင့် နည်းပြများ စုဖွဲ့လေ့ကျင့်ခြင်း၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လိုအပ်ချက်များကို ယခုကတည်းက စတင်ပြင်ဆင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှလည်း လိုအပ်ချက်များအား အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် တက်ရောက်လာသည့် ကော်မတီအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) ကျောင်းအုပ်ကြီးတို့မှ ကယားပြည်နယ်အနေဖြင့် အားကစားပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု၊ စခန်းသွင်းလေ့ကျင့်မှု၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ကယားပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအလိုက် အုပ်ချုပ်သူနည်းပြများက Online မှ တက်ရောက်၍ အားကစားနည်းများအလိုက် အောင်နိုင်မှုရရှိစေရေးအတွက် လိုအပ်သည်များကို တင်ပြဆွေးနွေးခြင်းနှင့် ကော်မတီအလိုက်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများက ဝိုင်းဝန်းအကြံပြဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)