ပေါက်ခေါင်း ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဏာရေးနှစ်တွင်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းကို ယမန်နေ့က အင်ငါးခွကျေးရွာအုပ်စု၊ အင်ငါးခွကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) နှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြီး ကော်မတီဖွဲ့စည်းနိုင်ရေး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် ကျေးရွာကော်မတီအသစ် ရွေးချယ်ခြင်းများ ဆောင်ရွက်ကြသည်။ အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) မှာ ကျေးရွာ၏ အဓိကလိုအပ်ချက်များဖြစ်သော လမ်းတံတားတည်ဆောက်ရေး၊ မီးလင်းရေး၊ သန့်ရှင်းသောက်သုံးရေရရှိရေး၊ ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ခြင်းနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ သိန်း (၁၅၀) အသုံးပြု၍ ကျေးရွာပြည်သူများကိုယ်တိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)