မုံရွာ ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမအကြိမ်နှင့် ဒုတိအကြိမ် ပြည်သူ့စစ်မှုထမ်းသင်တန်းများအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များအား မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်သွားမည့်လုပ်ငန်းများအပေါ် အောင်မြင်အောင် အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်/မြို့နယ်များအတွင်းရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအားလည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး/ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ မိမိတို့ဌာနများအလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက်ရောက်လာသူများမှ တိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်များ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)