ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ဆီစားသုံးမှု ဖူလုံစေရန် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေး

ပွင့်ဖြူ ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ဆီစားသုံးမှု ဖူလုံစေရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် စားသုံးဆီများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီလုပ်ငန်ရှင်းများအဖွဲ့က ယမန်နေ့က စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအဖွဲ့က   ဒေသခံပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့ပေါ်ရှိ စိုးမိုးအောင်ကုန်စုံဆိုင်၊ ကိုအောင် - မသီ ကုန်စုံဆိုင်၊ မတူး-မချို ကုန်စုံဆိုင်၊ မသွယ်သွယ်မိုးကုန်စုံဆိုင်၊ မယု - မပိုက် ကုန်စုံဆိုင်၊ မအေးသီတာ(ပင်လောင်း) ကုန်စုံဆိုင်၊ မကျီးစင်ကုန်စုံဆိုင်၊ သန်းနွယ်ဦး ကုန်စုံဆိုင်နှင့် စံပြကျေးရွာရှိ နိုင်လင်းအောင် ကုန်စုံဆိုင်တို့တွင် ယာယီအရောင်းဆိုင်များ ဖွင့်လှစ်၍ စားအုန်းဆီ (၁) ပိဿာ ငွေကျပ် ၅၇၀၀ ဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ဆီစားသုံးမှု ဖူလုံစေရန်အတွက် ယခုကဲ့သို့ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့်အပြင် စားသုံးဆီများ ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များကို ကွင်းဆင်းကြီးကြပ်၍ စားသုံးဆီများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)