ဒေးဒရဲ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးလယ်မြေများ အချိန်မီစိုက်ပျိုးပြီးစီးရေးနှင့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ စောလျင်စွာ ထုတ်ချေးပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား အထွက်နှုန်းတိုးတက်စေရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ စက်ကိရိယာများ၊ သွင်းအားစုဓာတ်မြေသြဇာနှင့် စိုက်ပျိုးစရိတ်များကို အချိန်မီထုတ်ချေးပေးနိုင်ရေး သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ လုပ်ငန်းလိုအပ်ချက်များကို အချိန်မီပြန်လည်တင်ပြသွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇင်မောင်မောင်က မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမည့် တောင်သူများ စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးစေ့ချကိရိယာများ၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများဖြန့်ဝေပေးမည့် လုပ်ငန်းများနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးဆန်းလွင်က မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပြီးစီးမှုနှင့် ကျန်ရှိသည့် ကျေးရွာအုပ်စုများအား စိုက်ပျိုးချိန်အမီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တက်ရောက်လာသူများက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခြင်းနှင့် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးလာစေရေး သက်ဆိုင်ရာဌာနများအလိုက် ပူးပေါင်းဆောင်ရွက်ပေးမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း