အထက်မင်းလှ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ၌ ဆီထွက်သီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအား မိုးနေကြာမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမြင့်စိုးက မိုးဦးကာလမိုးရာသီရောက်ရှိလာပြီဖြစ်၍ မိုးသီးနှံလျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်၊ ဆီထွက်သီးနှံအထူးဇုန်ဖြစ်၍ မိုးနေကြာစိုက်ပျိုးရန်၊ တစ်ဧကအပင်ဦးရေပြည့်မီရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ အပင်သက်တမ်းအလိုက် သားခွဲပေါင်းနှုတ်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ကြရန်၊ ဆီထွက်သီးနှံအထူးဇုန်တွင် စိုက်ပျိုးရာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးနည်းပညာများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မိုးနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကျင်းပခဲ့ရာ ရေဆင်း(၁)စပ်မျိုးနေကြာ (၂၅)ဧက၊ ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့ (၁၀၅)ဧက၊ နေကြာမျိုးစေ့ထုတ် (၁၈)ဧက စုစုပေါင်း (၁၄၈)ဧကအတွက် ကျေးရွာအုပ်စု (၂၂)အုပ်စုမှ တောင်သူ (၉၈)ဦးအား နေကြာမျိုးစေ့များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးစီးမှူးနှင့် ဌာနဆိုင်ရာများက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)