ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၂၀၂၄ခုနှစ်၊ အသက် (၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော ဖျာပုံခရိုင်ကိုယ်စားပြု အားကစားသမားများအား သောင်းသောင်းဖြဖြ ကြိုဆို

ကျိုက်လတ် မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၂၀၂၄ခုနှစ်၊ အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော ဖျာပုံခရိုင်ကိုယ်စားပြု အားကစားသမားများအား ယနေ့နံနက်ပိုင်းက ကျိုက်လတ်မြို့နယ်အဝင် ကြိုဆိုပါ၏ဆိုင်းဘုတ်၊ ဓမ္မဝိဟာရဘိုးဘွားရိပ်သာရှေ့မှ ကျိုက်လတ်-ဖျာပုံ ကားလမ်း တစ်လျှောက်တွင် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထိုသို့ ကြိုဆိုဂုဏ်ပြုရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ သူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများမှ ဖျာပုံခရိုင်ကိုယ်စားပြု ဘောလုံးအသင်းသားများ၊ နည်းပြအဖွဲ့ဝင်များ၊ အုပ်ချုပ်သူနှင့်တာဝန်ရှိသူများအား ပန်းကုံးများ၊ သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားအသက် (၂၁) နှစ်အောက် ဖျာပုံခရိုင်အမျိုးသား ဘောလုံးအသင်းသည် ၂၀၂၄ ခုနှစ် မေလ (၂၀) ရက်နေ့မှ မေလ (၃၀) ရက်နေ့အထိ ပုသိမ်မြို့တွင် ကျင်းပခဲ့သော အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)