ညောင်လေးပင် နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီနေ့မနက် စပြီးထုတ်ပေးပါတယ်။ ကျွန်တော့်ရပ်ကွက်မှာ အိမ်ထောင်စု ၉၅၀ ရှိတဲ့ထဲက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စု ၃၉၁ စုကို ငွေကျပ်နှစ်သောင်းနှုန်းနဲ့ (၇၈)သိန်း နှစ်သောင်း ထောက်ပံ့ပေးဖို့ရှိပါတယ်။ ကိုဗစ်ကာကွယ်ရေးနှင့်အညီ ရပ်ကွက်ထဲအပိုင်းလိုက် တစ်သုတ်စီ လူခွဲပြီး ဒီနေ့အပြီး ထောက်ပံ့ပေးသွားမှာပါ" ဟု ညောင်လေးပင်မြို့ မြို့မ(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းကြွယ်က ပြောသည်။
ညောင်လေးပင်မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၁)အုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၁၆၃၂၅ စု၊ ထပ်တိုးအိမ်ထောင်စု ၇၈၀၇ စု၊ စုစုပေါင်း ၂၄၁၃၂ စုကို ငွေကျပ် ၂၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့ငွေ ၄၈၂၆၄၀၀၀၀ ကျပ်ကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ထားပြီးဖြစ်ကာ အိမ်ထောင်စုဇယားမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ ထပ်ဆင့်ထောက်ခံချက်များဖြင့် စနစ်တကျ စိစစ်ထောက်ပံ့ ပေးလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
သက်လွင်(ညောင်လေးပင်)