ကျိုက်လတ် မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်နှင့်အဖွဲ့ဝင် (၃) ဦးထွန်းဆွေတို့က လုံခြုံရေးနှင့် ပတ်သက်၍ မိမိတို့ရပ်ရွာတွင် ထူးခြားမှုရှိပါက မြို့နယ်သို့အချိန်မီသတင်းပေးပို့ကြရန်၊ ရပ်ရွာများတွင် လောင်းကစားဝိုင်းများ မဖြစ်ပေါ်စေရေးနှင့်ဖြစ်ပေါ်ပါက အချိန်မီ သတင်းပေးပို့ကြရန်၊ နယ်မြေအတွင်း လူစိမ်းများတွေ့ပါက သတိထားနေထိုင်ကြရန်၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိများဖြင့်နေထိုင်ကြပြီး ကျေးရွာဝင်ပေါက် ထွက်ပေါက်များကို မီးကင်းနှင့်လုံခြုံရေးအဖွဲ့များထားရန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန်၊ မိမိရပ်ရွာဒေသများ အမြဲသန့်ရှင်းနေရေး ဆောင်ရွက်ရန်နှင့် ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်း၍ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာများနှင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆွေးနွေးပြောကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)