ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်၊ကျေးရွာစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အချိန်မီပြီးစီးရေး သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ကျောင်းဖွင့်ရာသီအမီ အခြေခံပညာကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်သွားရန်၊ကျောင်းမအပ်နှံရသေးသော ကျောင်းသား၊ ကျောင်းသူများ အချိန်မီကျောင်းအပ်နှံရေး သက်ဆိုင်ရာအဖွဲ့များ ကွင်းဆင်းဆောင်ရွက်သွားရန်၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ချကရိယာများ၊ သွင်းအားစုဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်မည့် လုပ်ငန်းများနှင့် ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အခက်အခဲများ တင်ပြသွားကြရန်ဆွေးနွေးမှာကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် သက်ဆိုင်ရာဌာနများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် အခြေခံပညာကျောင်းများဆောက်လုပ်ပြီးစီးမှု၊ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်နေမှု၊ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများ၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးမည့်လုပ်ငန်း အခြေအနေများနှင့် ပြည်သူများတင်ပြလာသည့် အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပြီးစီးမှုကဏ္ဍများအား ရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်ချက်များနှင့် အခက်အခဲများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက ပြည်သူများတင်ပြလာသည့် အခက်အခဲများအား အပတ်စဥ်ညှိနှိုင်းဆွေးနွေး၍ သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း