တနင်္သာရီမြို့နယ်၌ နွေရာသီကိုယ်လုံပညာ (လက်ဝှေ့) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တနင်္သာရီ မေ ၃၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မေလ ၂၀ ရက်မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီကိုယ်လုံပညာ(လက်ဝှေ့)သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမအတွင်း ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ ဆရာမများ၊ သင်တန်းသူ/သား ၂၀ ဦးနှင့် သင်တန်းသားများ၏ မိဘ/အုပ်ထိန်းသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းတို့က သင်တန်းဆင်း အမှာစကားများ ပြောကြား ပေးကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦး ကျော်သက်ထူးက သင်တန်းသူ/သားများအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်ပေးပြီး လက်ဝှေ့နည်းပြဆရာ ဦးသန့်ဇင်ဝင်းနှင့် ဦးညီညီထက်တို့နှစ်ဦးအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

 ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းက ထောက်ပံ့ငွေနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ပေးကြသည်။

ထို့နောက် အဆိုပါ သင်တန်းကာလအတွင်း သင်တန်းသူ/သားများအား အာဟာရနှင့် သင်တန်းဆင်း ဝတ်စုံအလှူရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦး ကျော်ကျော်ခေါင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးစိုးတို့က အသီးသီးချီး မြှင့်ပေးကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားပေးပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများက စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်လုံပညာ(လက်ဝှေ့)သင်တန်း၌ သင်တန်းသူ/သား၂၀ ဦးတိုက သင်တန်းပြီးဆုံးသည့်အထိ အောင်မြင်စွာ တက်ရောက်ကြပြီး သင်တန်းကာလမှာ မေလ ၂၀ ရက်မှ ၃၀ ရက်အထိ ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း (ပြန်/ဆက်)