မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး အကျိုးဆောင်တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်

ပလောက် မေ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အကျိုးဆောင်တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က အဖွင့်မှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ခုနှစ် တောင်သူများအား မိုးစပါးလျာထားစိုက်ဧက ပြည့်မီပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးစားစိုက်ပျိုး ဆောင်ရွက်ကြရန်နှင့် မြို့မြေစာရင်းဦးစီးဌာနမှ မြို့ဦးစီးဌာနမှူး ဦးသက်လွင်က အကျိုးဆောင် တောင်သူများအား မိုးစပါးလျာထားစိုက်ဧက ပြည့်မီကျော်လွန်စေရေး ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေး ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စုရှိ အကျိုးဆောင်ဆောင်သူ (၁၉) ဦးအား မျိုးစပါး(ဆင်းသုခ)မျိုး (၉၃) တင်းအား ထောက်ပံ့ပေးအပ်ရခြင်းမှာ ဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါးအထွက်နှုန်းတိုးတက်လာစေရန်၊ အထွက်ကောင်း၊ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များအား ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပလောက်မြို့အတွင်းရှိ အကျိုးဆောင်တောင်သူ (၁၉) ဦးအား ဆင်းသုခမျိုးစပါး (၉၃) တင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)