ဖျာပုံမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ

ဖျာပုံ မေ ၃၁

ဖျာပုံမြို့နယ်၌ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်းတို့ပူးပေါင်း၍ အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးတက်ရရှိစေရန်ရည်ရွယ်၍ "လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း" ဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းယုက "အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊
အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးလိုက်သည့် အတတ်ပညာများကို စနစ်တကျ သေချာစွာ လေ့လာမှတ်သားပြီး၊ မိမိတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဝင်ငွေတိုး တစ်နိုင်တစ်ပိုင်စီးပွားဖြစ် ဆောင်ရွက်နိုင်သည်အထိ ဆက်လက်ကြိုးစားကြစေလိုကြောင်း "ပြောကြားပြီး၊ ဖျာပုံမြို့နယ်အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်စိုးစိုးမူက ဖျာပုံမြို့နယ်အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း အနေဖြင့် အမျိုးသမီးစက်ချုပ်သင်တန်း၊ မုန့်လုပ်နည်းသင်တန်း၊ အလှပြင်သင်တန်း စသောအသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို သင်တန်းအလိုက် တစ်နှစ်ပတ်လုံး ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပြောကြား​သည်။ ထို့နောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လတ်လတ်ဝင်း၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းယုနှင့် ဖျာပုံမြို့နယ်အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးတို့က လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတက်ရောက်ပြီး၊ လုပ်ငန်းထူထောင်သူ (၂) ဦးနှင့် သင်တန်းဆင်းလက်မှတ်၊ သင်တန်းမှထွက်ရှိသော ကုန်ချောပစ္စည်းများအားပေးအပ်ကြရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူကြသည်။ အဆိုပါသင်တန်းတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော ဘက်စုံသုံးဆပ်ပြာရည်၊ အဝတ်လျော်ဆပ်ပြာရည်၊ လျှော်မွှေး၊ မျက်နှာသစ်ဆပ်ပြာခဲ့ (သဘာဝ)၊ ခေါင်းလျှော်ရည်၊ Body Scurb၊ ဆပ်ပြာခရင်(မ်)၊ အဝတ်လျှော်ဆပ်ပြာခဲနှင့် သဘာဝခေါင်းလျှော်ရည် ပြုလုပ်ပုံအဆင့်အဆင့်အား လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်