မြိတ် မေ ၃၁
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းတွင် မြိတ်မြို့ ပုလဲရတနာခန်းမ၌ ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက မြိတ်ခရိုင်ရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအားလုံး ကျန်းကျန်းမာမာ တွေ့ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခင်နှစ်ကလည်း ရဲမှုထမ်းဟောင်းအဖွဲ့၏ လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံခြင်းသည် ဒုတိယအကြိမ်ဖြစ်ကာ ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များအပြင် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များပါ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်နှင့်ပေါင်းစပ်ပြီး နိုင်ငံတော်၏ကာကွယ်ရေးတာဝန်ကို နိုင်ငံတော်အတွက် ကာကွယ်စောင့်ရှောက်ခြင်း၊ လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေခြင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို လိုအပ်သည့်နေရာတွင် ပူးပေါင်းဆောင်ရွက်ပေးနေသည့် ရဲတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ယူပါကြောင်း၊ ရဲမှုထမ်းဟောင်းများ အဖွဲ့ဖွဲ့စည်းပြီး ရဲမှုထမ်းဟောင်းများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စရပ်များတွင် လိုအပ်ချက်များ ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်နေ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရကြောင်း၊ ရှေ့ဆက်ပြီး အားလုံးဝိုင်းဝန်းပူးပေါင်းဆက်လက်ဆောင်ရွက်ကြရန် ပြောကြားသည်။
ထိုနောက် ဝန်ကြီးချုပ် ဦးမြတ်ကိုက ရဲတပ်ဖွဲ့ဝင်များအတွက် ဆန်နှင့်ဆီကိုလည်းကောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထွန်းက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်နှင့် ဆီကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အခမ်းအနား ရုပ်သိမ်းသည်။ အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်သည် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)