ကျွန်းစုမြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်

ကျွန်းစု မေ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ကျောင်းစာကြည့်တိုက်များ ဆောင်ရွက်ရာတွင် စနစ်တကျရှိပြီး အထောက်အကူပြုနိုင်စေရန်၊ စာအုပ်၊ စာပေများ ဖတ်ရှုသည့် အလေ့အထ ရရှိလာအောင် စည်းရုံးဆောင်ရွက်ရေးအတွက် အထောက်အကူပြုနိုင်စေရန်၊ စာကြည့်တိုက်ပညာကို တတ်ကျွမ်းနားလည်ပြီး အရည်အသွေး မြင့်မားသော စာကြည့်တိုက်မှူးကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအသီးသီးမှ ဆရာ၊ ဆရာမ ၂၈ ဦး တက်ရောက်လေ့လာခဲ့ကြပြီး သင်တန်းနည်းပြအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးနှင့် တာဝန်ရှိသူများက စာအုပ်များစုဆောင်းခြင်း၊ အမျိုးအစားခွဲခြားခြင်းနှင့် မှတ်သားခြင်း၊ ထားသိုခြင်း၊ ထိန်းသိမ်းခြင်းနှင့် ငှားရမ်းခြင်း နည်းစနစ်များကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)