စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လက်ခုပ်ပင်ကျေးရွာနှင့်စုန်းကျင်းကျေးရွာနှစ်ရွာအကြား ဆီသည် မော်တော်ရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ယင်းမာပင် နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် လက်ခုပ်ပင်ကျေးရွာနှင့် စုန်းကျင်းမြောက် ကျေးရွာနှစ်ရွာကြား ချင်းတွင်းမြစ်အတွင်း ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ယနေ့ နံနက်ပိုင်းက မုံရွာမှ နန့်တောသွားသည့်  မော်တော်ရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ  မော်တော်ရေယာဉ်ပေါ်တွင် ဆီပေပါ (၃၇၀) လုံး၊ ဆန်အိတ် (၂၀) လုံး၊ ဆိုင်ကယ် (၁)စီး၊  သုံးဘီးဆိုက်တွဲ(၅)စီး တင်ဆောင်၍ ယာဉ်ပိုင်ရှင် ဦးခင်မောင်ဝင်း(ဘ) ဦးခင်မောင်တင် နန္ဒဝန် ရပ်ကွက် မုံရွာမြို့နေသူ  မောင်းနှင်လာသော  မော်တော် ရေယာဉ်သည် အလုံမြို့ မင်းဒေါင့်ဆိပ်ကမ်း မှစတင်ထွက်ခွာ လာရာ မုံရွာချင်းတွင်းတံတား အထက် ကိုက် (၂၀၀) ခန့်အကွာတွင် ယာဉ်နောက်ပိုင်းရှိ အင်ဂျင်အပူလွန်ကဲရာမှ အင်ဂျင်မီးပွင့်၍ ယာဉ်ပေါ်ပါဆီပေပါများအား မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် အခြားမော်တော်ယာဉ် (၁) စီးမှ အဆိုပါမော်တော်ယာဉ်အား ကြိုးဖြင့်တွဲ၍ဆွဲလာပြီး လက်ခုပ်ပင်ကျေးရွာနှင့် စုန်းကျင်းမြောက် ကျေးရွာ နှစ်ရွာကြား ချင်းတွင်းတံတား အောက်ဘက် ကိုက် (၄၀၀) အကွာ သဲသောင်ပြင်ကပ်၍      မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားရာနေရာသို့ မုံရွာရေကြောင်းဦးစီးအရာရှိဦးရန်နိုင်စိုး မုံရွာရေကြောင်း တပ်ဖွဲ့မှူး ရဲမှူး အောင်သက်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းဆန်းအေး ဦးဆောင်၍ မုံရွာ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊  အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ယင်းမာပင် ဒုခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်နှင့် အဖွဲ့ဝင်များ၊ အောင်ဇေယျမြို့သစ် ရဲကင်းစခန်းမှ ရဲအုပ်ပြည့်ဖြိုးအောင်နှင့်အဖွဲ့ဝင်များ၊ အောင်ဇေယျ မြို့သစ်မီးသတ် တပ်ဖွဲ့၊ဘန့်ဘွေးမီးသတ် စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များ၊ ကန်ချောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊  အောင်မြင့်သန်း ကိုယ်ပိုင်မီးသတ်ယာဉ်နှင့်  စုန်းကျင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း ငြှိမ်းသတ်ခဲ့ရာ  (၁၁) နာရီ (၅၅)အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်ပေါ်တွင် ကျား (၈) ဦး ၊ မ(၂) ဦး စုစုပေါင်း (၁၀) ဦးလိုက်ပါလာပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းသိရသည်။


အဆိုပါမော်တော်ယာဉ်မီးလောင်မှုဖြစ်ပွားမှုကြောင့် ယာဉ်ပေါ်ပါ ဒီဇယ်ပေပါ (၁၅၀)လုံး၊ ဓါတ်ဆီပေပါ (၁၀)လုံး၊ သုံးဘီး ဆိုင်ကယ် (၅)စီး၊ မော်တော်ရေယာဉ်၏ အင်ဂျင်စက်ခန်းနှင့် ကိုယ်ထည်၏အမိုး၊ ဆိုင်ကယ် (၁) စီး ပျက်စီးဆုံးရှုံးခဲ့ပြီး မုံရွာ မြို့နယ်ရေကြောင်းတပ်ဖွဲ့မှ မုံရွာမြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)