ဘားအံ မေ ၃၁
ရှမ်းစာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီရှမ်းစာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းဆင်းပွဲတွင် မိမိတို့၏စာပေ၊ ယဉ်ကျေးမှုများအား ဖော်ထုတ်ပြီးပြန့်ပွားအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုလို နွေရာသီကာလတွင် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ခြင်းကြောင့် ဝမ်းမြောက်မိပါကြောင်း တိုင်းရင်းသားတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိတို့ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ အတူတကွ ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲအတွက် ငွေကျပ်သိန်း(၁၅၀)ကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌထံ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းတို့က ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက နွေရာသီရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌဆရာတော်နှင့် တာဝန်ရှိသူများအား ငွေကျပ်(၅)သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌက သင်တန်းသား၊ သင်တန်းသူများအား ရှမ်းစာပေသင်ကြားရေးအထောက်အကူပြုပစ္စည်းများကို ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက နွေရာသီရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် နွေရာသီရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းသား၊ သင်တန်းသူများက ရှမ်းရိုးရာအကအလှများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ၊ မိဘများနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိန်းမလှကျွန်းကျေးရွာနှင့် ထုံအိုင်ကျေးရွာကြား ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းပေါ်တွင် အများပြည်သူအသုံးပြုသွားလာရာ၌ ဘေးအန္တရာယ်ရှိနိုင်သောလမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ အကျဉ်းဦးစီးဌာနဝန်ထမ်းမိသားစုများသို့ ဆန်၊ ဆီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို နံနက် ၁၀ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ထောက်ပံ့ပေးခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး အခါအားလျော်စွာ ဆက်လက်ထောက်ပံ့ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်မိသားစုအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် နေထိုင်သွားကြစေလိုပြီး ကျောင်းနေအရွယ်ကလေးများ၏ပညာရေးကို အလေးထားကာ ကျောင်းနေပျော်၍ ထူးချွန်ထက်မြတ်သောကလေးများဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိဖို့လိုပြီး လိုအပ်သည်များနှင့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စုစုပေါင်းငွေကျပ် ၆၁၄၈၀၀၀ (ခြောက်ဆယ်တစ်သိန်းလေးသောင်းရှစ်ထောင်)တန်ဖိုးရှိ ဆန်(၅၈)အိတ်၊ ဆီ(၈၇)ပိဿာ၊ ကြက်ဥ ၁၇၄၀ လုံးတို့ကို အကျဉ်းဦးစီးဌာန ဝန်ထမ်းမိသားစုများထံ ထောက်ပံ့ပေးအပ်ရာ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အကျဉ်းဦးစီးဌာနဝန်ထမ်း မိသားစုများအား တစ်ဦးချင်းရင်းနှီးစွာတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)