ဟင်္သာတ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်ဟင်္သာတမြို့၊ လက်သမားရပ်ကွက်ရှိ အတွင်းပတ္တမြား ပရိယတ္တိစာသင်တိုက်၌ ၂၂.၅.၂၀၂၄ ရက်နေ့၌ ဘဝနတ်ထံပျံလွန်တော်မူပြီးသော အဆိုပါကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဠဂုရု၊ နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တ အရိယဝံသ၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား ယမန်နေ့မွန်းလွဲပိုင်းက ယာယီစံကျောင်းတော်သို့ ပင့်ဆောင်ခြင်းအခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်း၊ ခရိုင်သာသနာရေးမှူး ဦးသိန်းဇော်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဆရာတော်/သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ ဆရာလေးများ၊ တပည့်ဒါယိကာ/ဒါယိကာမများနှင့် ဂေါပကအဖွဲ့ဝင်များ ဧည့်သည်တော်များ စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ကြွရောက်လာကြသူများက နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များမှ ဦးဆောင်၍ “သဗ္ဗေ သင်္ခါရာ”စသော သံဝေဇနယဂါထာတော်များဖြင့် သံဝေဂဉာဏ်ဖြစ်စေရန် မရဏနုဿတိဘာဝနာ ပွားများတော်မူခြင်း၊ အတွင်းပတ္တမြား ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ နိုင်ငံတော်ဩဝါဒါစရိယ ဘန္တဒ္ဒ အရိယဝံသ၏ “ထေရ်ရုပ္ပတ္တိ သင်္ခေပကထာ”ကို ဖတ်ကြားပူဇော်ခြင်း၊ “နိမန္တနာကာရ” ဂါထာ တော်အားရွတ်ဖတ်ပူဇော်၍ အခါတော်ကြားခြင်း၊ အတွင်းပတ္တမြားပရိယတ္တိစာသင်တိုက်ကြီး၏ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝိလာသ မှဦးဆောင်၍ တပည့်ဒါယိကာ/ဒါယိကာမများနှင့်အတူ “အစ္စယောနောဘန္တေ” အစချီသော တောင်းပန်ဝန်ချ ကန်တော့လွှာဖြင့် ရှိခိုးကန်တော့ခြင်း၊ ဆရာတော်ကြီးအား စံကျောင်းတော်သို့ ကြွရောက်တော်မူပါရန် “နိမန္တန” ဂါထာ၊ “သံဝေဂ” ဂါထာများဖြင့် ရွတ်ပွားပူဇော်ခြင်းတို့ဆောင်ရွက်ခဲ့ကြပြီး ရုပ်ကလာပ်တော်အား ယာယီစံကျောင်းတော်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ခဲ့ကြသည်။ ထို့နောက် သဘင်/ဂီတ အနုပညာရှင်များနှင့်ပူးပေါင်းကာ နတ်များမှ “ထီးဖွင့် ခန်းဖွင့်” အနုပညာရသဖြင့် ပူဇော်ခြင်း တို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)