စလင်း မေ ၃၁
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် မင်းဘူးကားလမ်း စလင်းမြို့အဝင် လမ်းဘေးဝဲ/ယာတို့တွင် ပန်းအလှပင်များ၊ စိန်ပန်းပင်၊ အရိပ်ရပင်များနှင့် စက္ကူပန်းအလှပင်များစိုက်ပျိုးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စလင်းမြို့အဝင်ဆိုင်းဘုတ်နှင့် ပန်းခြံအတွင်းရှိ ပန်းအလှပင်များအား ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပန်းအလှပင်များ၊ စိန်ပန်းပင်နှင့် စက္ကူပန်းပင်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက စည်ပင်သာယာပျိုးဥယျာဥ်အတွင်း စိုက်ပျိုးထားရှိကာ ပေါင်းသင်၊ ကိုင်းကူး၊ ပျိုးပင်စိုက်ပျိုးခြင်းများနှင့် ရေလောင်းပြုစု၍ စိုက်ပျိုးလျက်ရှိသည့် ပန်းအလှပင်များကို စလင်း-မင်းဘူးကားလမ်း မြို့အဝင်ဆိုင်းဘုတ်ပတ်ဝန်းကျင်နှင့် လမ်းဘေးဝဲ/ ယာတစ်လျှောက် စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးပြီးအပင်များအား ရှင်သန်မှုရှိစေရန် အဖွဲ့ပိုင်မော်တော်ယာဥ်ဖြင့် ရေလောင်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မြို့နယ်သည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးခြင်း လမ်းဘေးဝဲ/ယာတစ်လျှောက် အရိပ်ရပင်များ စိုက်ပျိုးခြင်း၊ မြို့အတွင်းရေစီး ရေလာကောင်းမွန်စေရန်၊ ပုထိုးဖြူရပ်ကွက် သမိန်ထောလမ်းရှိ ရေနှုတ်မြောင်းများအား အမှိုက်သရိုက်များ၊ ရေမြောင်းများအတွင်းရှိ သဲနှုန်းများ ဆယ်ယူခြင်းများနှင့် ဒေသခံပြည်သူများ၏ နေအိမ်ခြံများမှထွက်ရှိသည့် မီးဖိုချောင်သုံး စွန့်ပစ်အမှိုက်များကို ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် မြို့ပေါ်ရပ်ကွက်များအတွင်း နေ့စဥ်လှည့်လည်၍ ဌာနဆိုင်ရာရုံးများ ပြည်သူတို့၏ နေအိမ်များမှ စွန့်ပစ်အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဥ်(၃)စီးဖြင့် အလှည့်ကျဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများအတွက် နှစ်စဥ် လမ်းများ၊ တံတားများနှင့် ရေနှုတ်မြောင်းများကို ပြုပြင်မွန်းမံဆောင်ရွက်ပေးလျက်ရှိကြောင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရှိရသည်။
မောင်လွင်(စလင်း)