မိုးညိုမြို့နယ်၌ ဂန္ဓမာပန်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မိုးညို မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်၊ တာတန်းလမ်းရှိ ခြံစိုက်ပျိုးသူ ဦးမြမောင်၏ ခြံဝန်းအတွင်း၌ ဂန္ဓမာပန်းတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်‌ငွေရရှိပြီးအဆင်ပြေကြောင်း သိရသည်။

ဂန္ဓမာပန်းစိုက်ပျိုးရန်အတွက် မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအုပ်စု၊ ဥတိုကျေးရွာကနေ ပျိုးပင်များကို တစ်ပင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးခြင်းဖြစ်ပါကြောင်း၊ ၃ ပေအကျယ်မြောင်းဘောင်ပြုလုပ်ပြီး အပင်နှင့်အပွင့်ကြီးထွားမှုကောင်းစေရန် သဘာဝမြေဩဇာကိုမြေခံအဖြစ်အသုံးပြု၍ ၅ ပင်တန်းစိုက်ပျိုးရကြောင်း၊ ပျိုးပင်များစိုက်ပျိုးပြီး ရေကိုလိုအပ်သလိုလောင်း၍‌ ပေါင်း/မြက်များရှင်းပေးရကြောင်း၊ အပင်ကြီးထွားလာပါက ငုတ်တိုင်များရိုက်၍ ပတ်တန်းများကာရန်‌ပေးခြင်းပြုလုပ်ပေးပါက အပင်ယိုင်လဲမှုကိုကာကွယ်ပေးကြောင်း သိရသည်။

ယခုစိုက်ပျိုးသည့် ဂန္ဓမာပန်းများသည် အပွင့်သေးအမျိုးအစားဖြစ်သည့် ငွေစံပါယ်၊ ရွှေစိမ်း၊ ကိုရီးယားအနီဖြစ်ပါကြောင်း၊ ရောင်းချရာတွင် တစ်ပင်ကို ၄၀၀ ကျပ်‌ရောင်းချရပြီး အပွင့်သေးအမျိုးအစားက ကိုင်းများပြီးအပွင့်များခြင်း၊ ဘုရားပန်းပူ‌ဇော်ရာတွင် လှပပြီးကြာရှည်ခံသည့်အတွက် လူကြိုက်များ‌ကြောင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးလုပ်ကိုင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပန်းစိုက်ပျိုးသူထံမှ သိရသည်။             

ကိုမင်း(ပြန်/ဆက်)