မြောင်းမြ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် အရှေ့တောင်အာရှ (၅) နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၈) ဆု၊ ငွေတံဆိပ် (၂) ဆုနှင့် ကြေးတံဆိပ် (၁) ဆုရ မြောင်းမြမြို့နယ်မှ နိုင်ငံ့ဂုဏ်ဆောင်ကြက်တောင်ရိုက် အားကစားသမား များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂း၀၀) အချိန်က အ.ထ.က (၁) ကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဂုဏ်ပြု အမှာစကားပြောကြားခဲ့ပြီး၊ မြောင်းမြမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ နိုင်ငံ ဂုဏ်ဆောင်အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်စကား ပြောြကား၍ အားကစား သမားများကိုယ်စား ရွှေတံဆိပ် (၃) ဆုနှင့် ငွေတံဆိပ် (၁) ဆုရ အားကစားသမား မောင်ဟိန်းသီဟအောင်က ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သော ထောက်ပံ့ငွေ (၉၃၀၀၀၀၀) ကျပ်၊ မြောင်းမြခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပေးအပ်သော ထောက်ပံ့ငွေ (၈၅၀၀၀၀) ကျပ်နှင့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ ပေးအပ်သောထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ် စုစုပေါင်း (၁၀၂၅၀၀၀၀) ကျပ်အား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ရာ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများက လက်ခံရယူခဲ့ကြောင်းသိရသည်။ ထို့နောက် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးက ဂုဏ်ပြုကျေးဇူးတင်စကားပြောကြား ခဲ့သည်။
အဆိုပါ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ မြောင်းမြ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)