ဟားခါး မေ ၃၁
ချင်းပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို မေလ ၃၀ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်းဆွန်းထန်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ပလက်ဝခရိုင်နှင့် ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့ကစ၍ တီးတိန်ခရိုင်တို့၌အုပ်ချုပ်မှုယန္တရားရပ်တန့်မှုကြောင့် ဒေသခံပြည်သူများ ဟားခါးမြို့နှင့် အခြားမြို့နယ်များသို့ နေရပ်စွန့်ခွာလာမှုများရှိလာပြီး လအနည်းငယ်အတွင်း နေရပ်စွန့်ခွာလာသူ ပိုမိုများပြားလာသည့်အတွက် ယခုကဲ့သို့ အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းထားသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်လုပ်ငန်းကော်မတီများအနေဖြင့် လုပ်ငန်းကော်မတီ၏ လားရာတစ်နည်း အားဖြင့် အဓိကရည်မှန်းချက်များကို သိရှိနားလည်ပြီး နေရပ်စွန့်ခွာပြည်သူများအတွက် အကျိုးပြုသည့်နေရာများတွင် ရန်ပုံငွေများ အသုံးပြုနိုင်ရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် နေရပ်စွန့်ခွာလာသူများ၏ အသက်အရွယ်အလိုက်သော်လည်းကောင်း၊ အလုပ်အကိုင်၊ ကျား၊ မ၊ မသန်စွမ်းသူစသည်ဖြင့် အချက်အလက်များ စနစ်တကျ ပြည့်ပြည့်စုံစုံကောက်ခံထားရန်လိုကြောင်းနှင့် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီဝင်များအနေဖြင့် မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်က ချင်းပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာ ပြည်သူများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသည့် ပြည်တွင်းနေရပ် စွန့်ခွာသူများပြန်လည် နေရာချထားရေးနှင့်ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက ကော်မတီအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် အတွင်းရေးမှူးများဖြစ်ကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)