နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

နတ်မောက် မေ ၃၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ/မများမှ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံပေးရန်နှင့် ပြဋ္ဌာန်းဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများကို အခမဲ့ထုတ်ပေးရန် တက်ရောက်လာကြသည့် ဆရာ/မများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က အခြေခံပညာဦးစီးဌာနမှ ပေးအပ်သည့် ပြဋ္ဌာန်းဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများကို ကျောင်းသား/သူများအား ပေးအပ်ခဲ့သည်။ နတ်မောက်မြို့နယ်တွင် မူလတန်းကျောင်း (၃၅)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၅)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၉)ကျောင်း၊ အလယ်တန်းကျောင်း (၅၄)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၂၈)ကျောင်း၊ အထက်တန်းကျောင်း (၁၈)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၄၃)ကျောင်းနှင့် ဘုန်းတော်ကြီးပညာရေးကျောင်း (၁၀)ကျောင်း စုစုပေါင်း (၂၂၂)ကျောင်းတို့ရှိကြောင်း သိရသည်။

လှဝင်း