မြို့သစ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မြို့သစ် မေ ၃၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၉ နာရီ အချိန်က မြို့သစ်မြို့နယ် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ) ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက် ကပညာရည်မြင့်မားလျှင် တွေးခေါ်မျှော်မြင်နိုင်စွမ်းရှိလာကာ နိုင်ငံတိုးတက်မှုမြန်ဆန်ကြောင်း တိုးတက်သည့် နိုင်ငံများကို လေ့လာကြည့်ပါက ပညာရည်မြင့်မားပြီး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သည့်အတွက် ပညာရည်မြင့်မားစေရန် ဆရာ/ဆရာများ အခန်းကဏ္ဍသည် တန်ဖိုးရှိ၍ အသိပညာရှင် အတတ်ပညာရှင်ကလေးများအား မွေးထုတ်ပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်က Grade အတန်းအလိုက် ကျောင်းအပ်နှံပေးမှုအခြေအနေများ မြို့နယ်အတွင်း မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းတစ်ပတ်ဖြစ် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက နိုင်ငံတော်မှ ကျောင်းသား/ ကျောင်းသူများအတွက် အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများအား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)