နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် သတ်မှတ်အသားဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

နတ်မောက် မေ ၃၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် သတ်မှတ်အသားဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မြို့မဈေးအတွင်းရှိ အသားရောင်းချသူများနှင့် ကျေးလက်သားသတ်လိုင်စင် ရရှိသူများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် သတ်မှတ်အသားဈေးနှုန်းအတိုင်း မပျက်မကွက်ရောင်းချနိုင်ရေး သန့်ရှင်းလတ်ဆတ်သော အသားများရောင်းစေရေးနှင့် သားသတ်ရုံတည်ထောင်ခြင်းနှင့် သားသတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် နေ့စဉ်မိမိတို့၏ ဆိုင်ခန်းများမှ အမှိုက်များ စနစ်တကျစွန့်ပစ်ကြရန်၊ ညနေအချိန်၌ အဖွဲ့ပိုင်မော်တော်ယာဉ်ဖြင့် ဈေးအတွင်း လိုက်လံသိမ်းဆည်းပါက ဈေးရောင်းချသူများက အမှိုက်များအား စနစ်တကျလာရောက် ပို့ဆောင်ကြရန် ဆွေးနွေးပြောကြားပြီး မိုးဦးကာလမိုးရွာသွန်းမှုကြောင့် ခြင်၊ ယင်များ ပေါများလာပြီဖြစ်သဖြင့် စားသောက်ကုန်ရောင်းချသူများက မိမိတို့ရောင်းချသော စားသောက်ကုန်များအား လုံခြုံစွာ ဖုံးအုပ်ထားစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဈေးတာဝန်ခံ၊ ဈေးကော်မတီဝင်များနှင့် ဆိုင်ခန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း