နတ်မောက် မေ ၃၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအတွင်းရှိ အကျိုးဆောင် တောင်သူများအား ခေါ်ယူ၍ ယမန်နေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ မိုးရာသီ၌ စိုက်ပျိုးမည့် သီးနှံများအလိုက် ဓာတ်မြေဩဇာလိုအပ်ချက်အရ ထောက်ခံနှုန်းထားနှင့်အညီ အချိုးကျပေါင်းစပ်နိုင်ရေး အဆိုပါရုံးရှေ့တွင် လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
တောင်သူများ၏ မြေနမူနာများကို ဓာတ်ခွဲစစ်ဆေးပြီး စစ်ဆေးချက်အဖြေအရ လိုအပ်သောယာမြေများတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ဖြည့်တင်းနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယူရီးယား၊ တီစူပါ၊ ပိုတက် စသည့်တို့ကို အချိုးကျပေါင်းစပ်နိုင်ရေး အကျိုးဆောင်တောင်သူများအား လက်တွေ့ပြသဆောင်ရွက်လျက်ရှိသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းစိုက်ပျိုးသည့် နွေစပါး၊ မိုးနှမ်း၊ မြေပဲနှင့် သီးထပ်သီးညှပ်များ စိုက်နည်းစနစ်မှန်ကန်ရေး၊ အပင်ပေါက်နှုန်းကောင်းမွန်ရေး၊ အထွက်နှုန်းတိုးတက်ရေးအတွက် ဒေသခံတောင်သူများဖြင့် ပူးပေါင်း၍ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံက သိရသည်။
မူမူစန်း