အောင်လံ မေ ၃၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အောင်လံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အောင်လံခရိုင် အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မျိုးကျော်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပညာရေးမှူး ဦးဌေးလွင်က ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များ၊ အခမဲ့ပညာရေးစနစ်၊ ပညာရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နိုင်ငံတော်မှအခမဲ့ထောက်ပံ့သော စာရေးကိရိယာများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များပေးအပ်ခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောင်လံခရိုင်က လူရည်ချွန်ရရှိခဲ့သည် ကျောင်းသား၊ ကျောင်းသူ(၈)ဦးအား ဆုချီးမြှင့်ခြင်း၊ အခြေခံပညာကျောင်းများသို့ အလှူရှင်များက အလှူငွေများပေးအပ်ခဲ့ပြီး အ.ထ.က-ရွာထောင် ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)