မကွေး မေ ၃၁
မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကဏ္ဍများ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း ဖွင့်လှစ်ခဲ့သော လူငယ်အခြေပြုသင်တန်းများ စုပေါင်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ကို အကျိုးပြုနိုင်သော ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံတော်သော လူငယ်များဖြစ်လာစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသော နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများတွင် တိုးတက်ဖွံ့ဖြိုးမှုကောင်းကျိုးများ ရရှိလာနိုင်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် စသည့် မြင့်မားသည့် ရည်ရွယ်ချက်များဖြင့် ယခုလို လူငယ်အခြေပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် လူငယ်များ သိသင့်သိထိုက်သည့် နိုင်ငံ၏ ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေဘဲ နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ကြသူများဖြစ်စေရန်နှင့် လူငယ်များ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ ပါဝင်ဆောင်ရွက်လာမှုကို အားပေးရန်၊ လူငယ်များကို ခေါင်းဆောင်မှုအရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊ လူငယ်များ မျိုးချစ်စိတ်ဓတ် ရှင်သန်ထက်မြက်ရေး၊ ဘာသာတရားကိုင်းရှိုင်းနားလည်ပြီး ယဉ်ကျေးလိမ္မာသောသူများဖြစ်လာစေရန်၊ အတွေးခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရန် စသည့်အချက်များကို အဓိကထား သင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းအတွင်းရှိ လူငယ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်အကျိုးရှိအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ အထောက်အကူပြုဌာနများနှင့် ချိတ်ဆက်ညှိနှိုင်း ပေါင်းစပ်ကာ လူငယ်များအတွက် အတန်းပညာနှင့်အတူ အသက်မွေးအတတ်ပညာတို့ကိုပါ အခြေခံမှစ၍ သင်ကြားပေးခဲ့သည့်အတွက် သင်တန်းသားများအနေဖြင့် ရရှိလာမည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာလိုက်စားကာ နိုင်ငံတော်အတွက် အားထားရသော အနာဂတ်လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မကွေးမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “ဂုဏ်ယူစရာ တို့အညာ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သက်ဆိုင်ရာသင်တန်းများအလိုက် သင်ယူတက်မြောက်ခဲ့သူများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ ရှေးဦးသူနာပြုစူမှု အခြေခံသင်တန်း(ကြက်ခြေနီ) ကျောင်းသား၊ ကျောင်းသူလေးများက “ရိုင်းပင်းကူညီ ကြက်ခြေနီ”တေးသီးချင်းဖြင့်လည်းကောင်း၊ သင်တန်းဆင်းဝူရှုးအဖွဲ့မှ ဝူရှုးအားကစားနည်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်သရုပ်ပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့သူများနှင့် အားကစားသရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်အခြေပြုအဖြစ် အခြေခံလျှပ်စစ်နှင့် အသေးစားအင်ဂျင်သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ ကင်းထောက်သင်တန်း၊ ရှေးဦးသူနာပြုစုမှုအခြေခံသင်တန်း(ကြက်ခြေနီ)၊ အခမ်းအနားမှူးသင်တန်း၊ ဘာသာ/စကားသင်တန်းများ၊ ပန်းချီသင်တန်း၊ အကသင်တန်း၊ အထက်တန်းကျောင်းအခြေပြုအိမ်တွင်းမှု သင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဆင့်မြင့်အားကစားသင်တန်းများ စသည်တို့ကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)