သာယာဝတီမြို့၌ တောင်သူများ စိုက်စနစ်မှန်ကန်စေရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးနည်းများအား နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

သာယာဝတီ    မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် တောင်သူများ စိုက်စနစ်မှန်ကန်စေရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးနည်းများအား နည်းပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၁၄)စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဟိုက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၁၄)စက်မှုလယ်ယာစခန်းမှမြို့နယ်​ဦးစီးမှူး ဦးအောင်သူက စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တောင်သူများမှ သိလိုသည်များအား မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး Seeder အသုံးပြုပုံများကို တောင်သူများအား လက်တွေ့သရုပ်ပြသခဲ့ပြီး အဆိုပါနည်းပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

သန့်ဇော် (ပြန်/ဆက်)