အိမ်မဲ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွှေအိမ်ရတနာဘိုးဘွားရိပ်သာတွင် ဧကာဒသမကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲဗဟိုအဆင့် ထူးချွန်သူ (၂) ဦးအား ဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားကို “နမောတဿ” (၃)ကြိမ် ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သုတစုံလင်ဗုဒ္ဓဝင်ပူဇော်ပွဲ သြဝါဒစရိယမိုးကုတ် (၂၉) ဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တမဟိန္ဒ ကဂုဏ်ပြုသြဝါဒမိန့်ကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူအသီးသီးက ဧကာဒသမ ကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲဗဟိုအဆင့် တွင်ထူးချွန်သော ဗုဒ္ဓဝံသဝိသာရဒ ဘွဲ့ရှင်မောင်ကောင်းမြတ်နိုင်နှင့် ဧရာဝတီတိုင်းဒေသကြီးစာဖြေဌာန (၂) အိမ်မဲမြို့နယ် စာဖြေဌာန ပထမဆုရှင် မဖူးသစ်ခင်တို့အား ဂုဏ်ပြုပန်းနှင့် ဂုဏ်ပြု ပန်းစည်းများကို ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး အဆိုပါထူးချွန်သူ (၂)ဦးအား လှုံ့ဆော်ရေးယာဥ်၊ ဆရာတော်သံဃာတော်များ လိုက်ပါလာသောယာဥ်၊ မြို့နယ်တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များ လိုက်ပါလာသော ယာဥ်များဖြင့် မြို့တွင်းတစ်ပတ်ဂုဏ်ပြု လှည့်လည်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)