ပဲခူး မေ ၃၁
၂၀၂၄ ခုနှစ်၊ ဇွန် ၅ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြိုလှုပ်ရှားမှုအဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကလေးကျေးရွာ၊ အမှတ်(၃၃)သစ်စက် မြန်မာ့သစ်လုပ်ငန်း ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပဲခူးတိုင်းဒေသကြီးသစ်ထုတ်ရေးမှ တိုင်းဒုအထွေထွေမန်နေဂျာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် မြန်မာ့သစ်လုပ်ငန်းမှ သစ်စက်မန်နေဂျာနှင့် အရာထမ်း၊ အမှုထမ်းများက မြန်မာ့သစ်လုပ်ငန်းရုံးဝင်းအတွင်းရှိ မြေလွတ်(၃)ဧက၌ ဒေသရာသီဥတုနှင့်ကိုက်ညီဖြစ်ထွန်းနိုင်သည့် ကျွန်း၊ မလေးရှားပိတောက်၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ သစ်ပိတောက်၊ အင်ကြင်းစသည့် အပင် ၃၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက် လာသူများအား ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သော “သဲကန္တရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)