ဇီးကုန်း မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို (အမှတ်-၄)ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကိုကို၏ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ပြောကြားခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများကဦးဆောင်၍ အဆိုပါလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)