ပဲခူး မေ ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးလုပ်ငန်းညှိနှိုင်းအစည်းဝေး အမှတ်စဉ်(၃/၂၀၂၄)ကျင်းပ ပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိခဲ့ပြီးဖြစ်၍ မိုးစပါးစိုက်ရေတော်မိုးတော်ဧကများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိရေး အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုးသီးနှံအလိုက် အသိပညာပေးဆောင်ရွက်ခြင်းအပြင် တောင်သူလယ်သမား သင်တန်းကျောင်းများတွင် သင်တန်းများဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ အဖွဲ့ဝင်များက ဒေသအလိုက်စိုက်ပျိုးသီးနှံများပေါ် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအားလည်းကောင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက စိုက်ပျိုးသီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ စုဆောင်းထားရှိမှုနှင့် သီးခြားလိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် အခမ်းအနားတက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများအား ဘက်စုံသုံးအစေ့ချစက် တီထွင်ပြုလုပ်ထားမှုအား ရှင်းလင်းပြသခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သီးနှံစိုက်စွမ်းအား(၁၉၁.၀၅)ရာခိုင်နှုန်း၊ သီးထပ်စွမ်းအား(၈၈.၂၈)ရာခိုင်းနှုန်းရရှိခဲ့ရာမှ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သီးနှံစိုက်စွမ်းအား (၁၉၃.၂၉)ရာခိုင်နှုန်းနှင့် သီးထပ်စွမ်းအား(၉၀.၅၂)ရာခိုင်းနှုန်း တိုးတက်ရရှိနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)