မုံရွာ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက "ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံ့ဖွံ့ဖြိုး တိုးတတ်မှုသာမက လူ့အဖွဲ့အစည်း ရှင်သန်မှုအတွက် အဓိကရေသောက်မြစ်ဖြစ်သည့်အတွက် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများအား အကောင်းဆုံးပြုစုပျိုးထောင်ပေးစေလိုပါ ကြောင်း၊ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေနဲ့လည်း မိမိတို့ ခရိုင်ရုံးဝန်ထမ်းများနှင့် ၎င်းတို့ရဲ့ သားသမီးများ ပညာရည်မြင့်မားရေးအတွက် တစ်ဖက်တစ်လမ်းကနေတတ်နိုင်သမျှ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ယခုလို ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံထောက်ပံ့ရသည်မှာ အထူးပင်ကျေနပ်ဝမ်းသာပီတိဖြစ်ရပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်တွင် မိမိတိုင်းပြည်အတွက် အကျိုးပြုမဲ့ခေါင်းဆောင် ကောင်းများဖြစ်ကြပြီး နိုင်ငံ့အကျိုး၊ ဘာသာ၊ သာသနာအကျိုးကို သယ်ပိုးထမ်းရွက်ပြီး ပညာတတ်လူတော်လူကောင်းများ ဖြစ်အောင် ကြိုးစားသွားကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးစာရေးကိရိယာများကို ကျောင်းသား၊ ကျောင်းသူများလက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများအား ရေခဲမုန့်နှင့် စားဖွယ်ရာမျိုးစုံတို့ကို တည်ခင်းကျွေးမွေးခဲ့ကြသည်။
ယနေ့ ကျင်းပပြုလုပ်သော ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားတွင် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများဖြစ်ကြသော တက္ကသိုလ်အဆင့် တွင် ပညာသင်ကြားနေကြသည့် ကျောင်းသား/သူ(၂)ဦး၊ အထက်တန်းအဆင့်တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ အလယ်တန်းအဆင့်တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ(၅)ဦး၊ မူလတန်းအဆင့်တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၁ဝ)ဦး၊ စုစုပေါင်း(၂၀)ဦးတို့အတွက် တက္ကသိုလ်အဆင့်အတွက် တစ်ဦးလျှင် (၁၀၀၀၀၀ိ/)ကျပ်နှုန်းဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်အတွက် တစ်ဦးလျှင် (၈၀ဝဝဝိ/) ကျပ်နှုန်းဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်အတွက် တစ်ဦးလျှင် (၆၀၀၀၀ိ/) ကျပ်နှုန်းဖြင့် လည်းကောင်း၊ မူလတန်းအဆင့်အတွက် တစ်ဦးလျှင် (၄၀၀၀၀ိ/)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပညာသင်စရိတ် ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် (၁၁၄၀၀၀၀ိ/)တို့အပြင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား/သူများအတွက် ဗလာစာအုပ် (၁)ဒါဇင်စီနှင့် ဘောပင်၊ ခဲတံများ အတွက် ကုန်ကျငွေ (၂၃၅၀၀ဝိ/) တို့အပါအဝင် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၃၇၅၀၀၀ိ/) ကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)