ငါးသိုင်းချောင်းမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုအခြေအနေများအား တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေး

ငါးသိုင်းချောင်း မေ ၃၁

ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်ထားရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် မြို့ပေါ် ကျောင်းများ၏ သူငယ်တန်း (KG တန်း) မှ ဒွါဒဿမတန်း (G-12)အထိ ကျောင်းအပ်နှံမှု အခြေအနေများအား ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူး ဦးသန်းချစ်အေး၊ မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီအချိန်၌ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အားပေးကြည့်ရှုရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ကျောင်းအပ်နှံမှု အခြေအနေများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခြင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းအပ်နှံရေးအတွက် မိဘနှင့်ဆရာပူးပေါင်းကာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခြင်း၊ ကျောင်းဝင်း အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခြင်းတို့ ဆောင်ရွက်ပြီးနောက် ကျောင်းအပ်နှံရေးအတွက် လာရောက်ကြသော မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားများပြော၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေးနှင့် တာဝန်ရှိသူများက ငါးဝန်ရပ်ကွက်ရှိ ကျောင်းမအပ်ရသေးသည့် ကလေးများနှင့် ကျောင်းသားမိဘများကို အိမ်တိုင်ရာရောက် သွားရောက်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)