ကျိုက်လတ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်သူ့ဆေးရုံဝန်ထမ်း သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကျိုက်လတ် မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်သူ့ဆေးရုံဝန်ထမ်း သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ ၅×၆ ဦးပြုံးချိုလမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မောင်က ပညာသင် စရိတ် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျိုက်လတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းသားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မောင်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပြီး မိဘများကိုယ်စား ဒေါက်တာခင်မိမိလှိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်