မော်လမြိုင်ကျွန်း မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်း အပူချိန်လျော့ကျလာစေရန် သစ်တောသစ်ပင်ပြုန်းတီးမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တယ်ချောင်းကျေးရွာအုပ်စု၊ နတ်မင်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ကျင်းပခဲ့သည်။
ဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးအရာရှိမှ တက်ရောက်လာသူများထံ အပင်များပေးအပ်၍ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို စုပေါင်းကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြည်ဌေးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် အတူ အင်အား ၁၅၀ ဦးခန့်ဖြင့် မန်ဂျန်ရှား (၂၉၀)ပင်၊ မဟော်ဂနီ (၂၀၀)ပင်၊ ကျွန်း(၁၀)ပင် စုစုပေါင်း (၅၀၀) ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)