ကဝမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံ‌ရေး အခမ်းအနားကျင်းပ

ကဝ မေ ၃၁

ကဝမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အ.ထ.က (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.ထ.က (ကဝ)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဦးအုန်းသွင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ဆောင်ပုဒ်ဖြစ်သည့် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်စေရေးအတွက် နိုင်ငံတော်မှ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘော့ပင်၊ ခဲတံတို့ကို အခမဲ့ထောက်ပံ့ပေးလျှက်ရှိကြောင်း၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိပတ်ဝန်းကျင်ရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံကြစေရေး စည်းရုံးဆောင်ရွက်ရန်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဦးအုန်းသွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာ​ရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများအား သက်ဆိုင်ကျောင်းများအလိုက် ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ အား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အ.ထ.က(ကဝ)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ​ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)